ဖေ့စ်ဘွတ်ခ်ပေါ်ကမိသားစု

12/06/2014

ဓာတ်ပုံ-ဂျေမောင်မောင် (အမရပူရ)
https://www.facebook.com/samsungmyanmarသင့်မိသားစုထဲမှာ ဖေ့စ်ဘွတ်ခ်သုံးစွဲသူ ဘယ်နှဦးရှိပါသလဲ။ သူတို့ရဲ့ ဖေ့စ်ဘွတ်ခ် အကောင့်ကို သင်လက်ခံထားပါသလား။ ဒါမှမဟုတ် သင့်လှုပ်ရှားဆောင်ရွက်မှုတွေကို မမြင်တွေ့နိုင်အောင် သူတို့အကောင့်များကို Block ထားပါသလား။ ဒါမှမဟုတ် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ သင်ရော သင့်မိသားစုဝင်များရော ဖုံးကွယ်မှုမရှိ ပေါ့ပါးစွာသုံးစွဲနေကြပါသလား။   ။
မြန်မာပြည်တွင် အသုံးပြုမှု တစ်ဟုန်ထိုးမြင့်တက်လာသည့် ဖေ့စ်ဘွတ်ခ်ပေါ်၌   မိသားစုလိုက် သုံးစွဲနေမှုများရှိလာပြီဖြစ်သည်။ ထိုပြဿနာက မိသားစုများ ပြင်ပမှာကဲ့သို့ သိုက်သိုက်ဝန်းဝန်း ပွင့်ပွင့်လင်းလင်းရှိသင့်၊ မရှိသင့် ဆိုသည်ကိုမူ အမြင်အမျိုးမျိုး ကွဲပြားနေပြီလည်းဖြစ်သည်။ မိသားစုတစ်စုတွင် သားသမီးဖြစ်သူ လူငယ်တို့က လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာကို ပြည့်ပြည့်ဝဝသုံးစွဲလေ့ရှိကြပြီး ယခုသော် ညီအစ်ကိုမောင်နှမများသာမက အဖေ၊အမေ၊ ဦးလေး၊ အဒေါ်များ၊ အဘိုး၊ အဘွားများကပါ ဖေ့စ်ဘွတ်ခ်ကိုသုံးစွဲရန် ကြိုးပမ်းလာနေကြခြင်း ဖြစ်ပါသည်။
လူငယ်အတော်များများက လူမှုကွန်ရက်တွင် ဗန်းစကားအရဆိုရသော် ‘ဖလန်းဖလန်းထချင်’ တတ်ကြသည်။

မိမိကိုယ်တိုင်ရိုက်ကူးထားသည့် ဓာတ်ပုံများဖြစ်စေ၊ ချစ်သူရည်းစားနှင့်အတူ ရိုက်ကူးထားသည့်ဓာတ်ပုံများကို မိတ်ဆွေများ ကြည့်ရှုနိုင်ရန် တင်လေ့ရှိကြသည်။ ဓာတ်ပုံဝါသနာကြီးသူများကတော့ နေ့စဉ်နှင့်အမျှ မရိုးနိုင်အောင် ရိုက်ကူးဖော်ပြကြသည်။ အချို့သော ဆယ်ကျော်သက် မိန်းကလေးအချို့ဆိုလျှင် မလုံ့တလုံရိုက်ကူးထားသည့် ဓာတ်ပုံများကိုပင် တင်လေ့ရှိကြပြီး ထိုဓာတ်ပုံများက လူမှုကွန်ရက်တစ်ခွင် ပျံ့နှံ့မှုများသွားသည့်အခါ ဝေဖန်မှုများစွာကိုလည်း ကြုံရလေ့ရှိသည်။
များသောအားဖြင့်တော့ လူငယ်ပိုင်းအရွယ်များက ဖေ့စ်ဘွတ်ခ်တွင် မိမိခံစားချက်များ၊ မိမိ၏ဒဿနအမြင်များ၊ အချစ်အကြောင်းများကို ရေးသားလေ့ရှိပြီး နိုင်ငံရေးနှင့်ပတ်သက်သည့် အတွေးအမြင်များကိုရေးသားခြင်း၊ ဝေဖန်ငြင်းခုံမှုများပြုလုပ်ခြင်း၊ အမြင်မတူသူများနှင့် အငြင်းပွားရာမှတစ်ဆင့် ဆဲဆိုရှုတ်ချသည့်အပြောအဆို၊ အရေးအသားများကိုရေးသားမိခြင်းတို့လည်း ရှိတတ်ကြသည်။
မိမိ၏ လူမှုကွန်ရက်စာမျက်နှာတွင် မိမိမသိလိုက်မီ ရောက်ရှိနေသည့် မိဘဆွေမျိုးများက မိမိရေးသားသည့်စာသားများ၊ မိမိဖော်ပြထားသည့်ဓာတ်ပုံများ၊ မိမိ၏နိစ္စဓူဝ လှုပ်ရှားနေမှုများကို မြင်တွေ့လာရခြင်းက လူငယ်တို့အပေါ် အနေကျဉ်းကျပ်မှုအချို့ဖြစ်လာသည်။
ထို့ကြောင့် ဆယ်ကျော်သက်အရွယ်လူငယ်အများစုကို မေးမြန်းကြည့်ရာတွင် မိမိ၏မိသားစုဝင်တို့သုံးစွဲသည့် ဖေ့စ်ဘွတ်ခ်အကောင့်များကို Block ခြင်းဖြင့် မိမိလုပ်ကိုင်ဆောင်ရွက်နေမှုကို မမြင်စေရန် ဖုံးကွယ်ထားပါသည်ဟုဖြေဆိုကြသည်။
‘ဘလော့ထားတယ်’ဟူသည့်အဖြေကိုသာ အများစုက ပေးကြခြင်းပင်။ အဖေ၊ အမေ (သို့မဟုတ်) ဦးလေးအဒေါ်များ သုံးစွဲသည့် ဖေ့စ်ဘွတ်ခ်အကောင့်ကို သိရှိပါက အလျင်အမြန်ပင် Block လိုက်ကြပုံရပြီး ထိုအချက်က ၎င်းတို့၏ လူမှုကွန်ရက်ပေါ် လွတ်လပ်စွာနေထိုင်ခွင့်ကို ကာကွယ်ရာရောက်သည်ဟု ယူဆကြသည်။
မိမိတို့ သားသမီးများက ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြလိုက်သည့် စာသားတစ်ကြောင်းမှစကာ ဓာတ်ပုံတစ်ပုံအထိ သူတို့ဘာလုပ်နေသည်၊ ဘယ်ရောက်နေသည်ဟူသည့်အချက်အလက်ကို မိဘများက မေးမြန်းရန်ပင် မလိုဘဲ အလွယ်တကူသိရှိနေနိုင်သည်။ မိဘများမသိစေရန် ခိုးကြောင်ခိုးဝှက်လုပ်မိသည့် သွားလာနေထိုင်ပြုမူပြောဆိုခြင်းတို့ကို ပြုလုပ်မိသော လူငယ်များအတွက်တော့ အိမ်ပြန်ရောက်ပါက အဆူခံထိရမည်မှာ သေချာပေါက်ဖြစ်သည်။
‘‘အစ်ကိုတွေ၊ အစ်မတွေ သုံးတယ်။ အားလုံးကို ဘလော့ထားတယ်။ ကိုယ်က ပေါက်ကရ စာတွေရေးရင် ဆူလို့။ ပေါက်ကရရေးပြန်ပြီ၊ မျက်နှာရူးပြန်ပြီနဲ့ ကိုယ်က ပုံတွေတင်တတ်တော့ တစ်နေရာရာ အလည်အပတ်သွားရင်လည်း သူတို့ကသိနေတယ်လေ။ ရည်းစားနဲ့လည်း ဓာတ်ပုံတင်ရတာ မလွတ်လပ်ဘူး’’ဟု ရုပ်သံသင်တန်းကျောင်းတစ်ခု တက်ရောက်နေသူ အသက်(၂၄)နှစ်အရွယ် မထက်ထက်က ပြောသည်။
ဖေ့စ်ဘွတ်ခ်သုံးစွဲသူများ အနေဖြင့်    မိမိသုံးစွဲသည့်ဖေ့စ်ဘွတ်ခ်အကောင့်တွင် မိတ်ဆွေ Friend အဖြစ် လက်ခံ၍ရသကဲ့သို့  လက်မခံ၍လည်းရသည်။ Fridne အဖြစ် လက်ခံထားပါက မိမိဖော်ပြရာတွင်    Public  အနေနှင့်တင်ပါက မိမိအကောင့်ထဲရှိမိတ်ဆွေများသာမက မိတ်ဆွေမဟုတ်သူများလည်း ကြုံကြိုက်ပါက မြင်တွေ့ကြည့်ရှုနိုင်မည်ဖြစ်ပြီး Friend Only ဖြင့်တင်ပါက မိမိအကောင့်ထဲမှ မိတ်ဆွေဖြစ်နေသူများသာလျှင် မြင်တွေ့နိုင်ပါသည်။
ထို့အပြင် မိမိအကောင့်မှ တင်သမျှကို မမြင်နိုင်စေလိုသည့် မိမိ၏မိသားစုဝင်တစ်ဦးဦး၏ အကောင့်ကို Friend မဟုတ်သော်လည်း Block လုပ်ထား၍ ရသောကြောင့် လူငယ်များက ထိုသို့ပြုလုပ်ထားတတ်ကြကာ လွတ်လွတ်လပ်လပ်သုံးစွဲလေ့ရှိကြသည်။ သို့ရာတွင် များသောအားဖြင့် မိမိတို့မိသားစုဝင်လူကြီးသူမများ ဖေ့စ်ဘွတ်ခ်ပေါ်သို့ ရောက်ရှိသုံးစွဲနေပြီကို အမှတ်တမဲ့မသိရှိသေးသူများသည်ကို တွေ့ရသည်။
မိဘဆွေမျိုးများကို မတတ်သာ၍ဖြစ်စေ၊  မလွန်ဆန်နိုင်၍ဖြစ်စေ Block လုပ်၍မဖြစ်ဘဲ အကောင့်ထဲမှ Friend အဖြစ် လက်ခံထားရသည့် လူငယ်များကတော့ အနည်းနှင့်အများဆို သလို မိမိဖော်ပြသည့် အကြောင်းအရာနှင့် ဓာတ်ပုံများကို    ထိန်းထိန်းသိမ်းသိမ်း    ဆောင်ရွက်ရ တော့မည်ဖြစ်သည်။
‘‘တစ်အိမ်တည်းနေတဲ့ အစ်ကိုတွေနဲ့ အဖေနဲ့ ကိုယ်က Friend ဖြစ်နေတယ်။ တစ်ခါတလေ အလုပ်မှာ အဆင်မပြေတာမျိုး ဘာညာကျတော့ ဖေ့စ်ဘွတ်ခ်တင်ချင်ရင်တောင် ဆင်ခြင်ရတယ်။ သူတို့က ကိုယ့် Friend ဖြစ်နေတော့ အိမ်ရောက်ရင်မေးပြီ။ ဘာဖြစ်တာလဲ ရုံးက ဘာညာပေါ့။ အဲဒီလိုကျတော့ တစ်မျိုးကြီးပဲ’’ဟု သတင်းထောက်အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသည့် အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးကရင်ဖွင့်သည်။
 ‘‘ဥပမာ ကိုယ်နဲ့ ကိုယ့်ယောက်ျားက အိမ်မှာ သိပ်ပြီး ပူးပူးကပ်ကပ်မနေဘူး။ ဒါပေမဲ့ အပြင်သွားတာ ဘာညာကျရင်တော့ ဖေ့စ်ဘွတ်ခ်မှာပွဲခံချင်တော့ အတူပခုံးလေးမှီပြီး ဓာတ်ပုံရိုက်တာတို့၊ ဘာတို့လုပ်တတ်တယ်လေ။ အဲဒီအခါဆို ဓာတ်ပုံတွေ တင်ပြီးတော့မှ အဲ... ငါ့အကောင့်ထဲမှာ အစ်ကိုတွေ၊ အဖေတွေရှိနေပါလားဆိုပြီး ပြန်ရှက်နေရော’’ဟု အသက် (၃၀)အရွယ်ရှိပြီဖြစ်သော ၎င်းက ဆက်လက်ပြောပြ သည်။
ရပ်ကွက်ထဲတွင် ကွမ်းယာ ရောင်းရင်း၊ ဆိုက်ကားဂိတ်ထိုးရင်း၊ တက္ကစီမောင်းရင်း၊ လမ်း ဘေးဈေးရောင်းချရင်း ဈေးနှုန်းသက်သာသည့် Android ဖုန်းလေးကိုယ်စီဖြင့် ဖုန်းကိုပွတ်ကာ ဂိမ်းဆော့နေသူများ၊ အင်တာနက်သုံးစွဲနေသူများကို နေရာအနှံ့ အပြားတွေ့မြင်လာရသည်။ ဖေ့စ်ဘွတ်ခ် Application ကလည်း ဝယ်ယူသည့်ဖုန်းဟန်းဆက်များတွင် တစ်ပါတည်းထည့်သွင်းထားပြီးဖြစ်ကာ ဖေ့စ်ဘွတ်ခ်အကောင့် မဖွင့်တတ်သူများအတွက် အကောင့် တစ်ခုလျှင် ငါးထောင်ကျပ်၊ သုံးထောင်ကျပ် စသဖြင့် အသစ်ဖွင့်ပေးသည့် အင်တာနက်ဆိုင်အချို့၏ ဝန်ဆောင်မှုများ ကြောင့်လည်း သုံးစွဲသူဦးရေ အရှိန်အဟုန်မြင့်လာခြင်းပင်။
ထိုသို့ ကောင်းကျိုးများ ရှိသောကြောင့် တစ်ဆင့်စကားတစ်ဆင့်နားဖြင့် Facebook ဟူသည့် စကားလုံး လူထုကြား ရေပန်းစား လာခဲ့သည်။ တဖြည်းဖြည်းနှင့် လူငယ်သာမက လူကြီးအရွယ်များလည်း ဖေ့စ်ဘွတ်ခ်ပေါ်သို့ ရောက်လာကြသည်။ သားသမီး များကို အကောင့်ဖွင့်ခိုင်း၍ဖြစ်စေ စတင်သုံးစွဲစ လူကြီးမိဘများက မိမိတို့ နားမလည်သည်များကို လူငယ်များထံ မေးမြန်းရင်းဖြင့် လူမှုကွန်ရက်တွင် ကျင်လည်လာ ကြသည်။ ဝေးကွာနေသောမိသား စုဝင်များနှင့်လည်း တစ်နိုင်ငံမှ တစ်နိုင်ငံ ကော်နက်ရှင်ကောင်းရုံ မျှဖြင့် ဆက်သွယ်ရန် လွယ်ကူကြ သည်။
 ထိုသို့ဖြင့် ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီက အမေရိကန်နိုင်ငံ သားလူငယ်လေး မာ့ခ်ဇူကာဘတ် တည်ထောင်ခဲ့သည့် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာသည် မြန်မာနိုင်ငံမှာလည်း မိသားစုတစ်စုလုံး သုံးစွဲကြသည့် အခြေအနေသို့ ချင်းနင်းစပြုလာနေသည်။
‘‘ လူကြီးတွေသုံးလည်း ဘာမှတော့မဖြစ်ပါဘူး။ အနေတော့မကျဉ်းကျပ်ဘူး။ တစ်ခုပဲရှိတယ်။ တချို့ကိုယ့်ကိုမကောင်းတာတွေလာပြောကြတာကို သူတို့မြင်ရင် ကိုယ့်အတွက်နဲ့ စိတ်ထိခိုက်မှာစိုးတာ လောက်ပါပဲ’’ ဟု ဖေ့စ်ဘွတ်ခ်တွင် နာမည်ရလာသော မော်ဒယ် လဲ့ယမင်းက ပြောကြားသည်။
ဆယ်ကျော်သက်အရွယ် လူငယ်များက မိမိတို့လူငယ်ဘဝ လွတ်လပ်စွာနေထိုင်ပြုမူဆောင်ရွက်လိုသည့်အတွက် လူကြီးမိဘ တို့၏ဖေ့စ်ဘွတ်ခ်အကောင့်များကို လက်မခံဘဲ ရှောင်ရှားလေ့ရှိ သော်လည်း လူမှုကွန်ရက်ကို အကျိုးရှိစွာအသုံးချလိုသူများ အပါအဝင် သာမန်သုံးစွဲသူများကတော့ ဖေ့စ်ဘွတ်ခ်ကို မိသားစု စုံညီစွာ Friend အဖြစ် လက်ခံ၍ သိုက်ဝန်းသုံးစွဲလေ့ရှိကြသည်ကို တွေ့ရသည်။ ထို့အပြင် နံနက် ခင်း ထမင်းဝိုင်းနှင့် ညစာထမင်းဝိုင်းတို့တွင် မိသားစုအတွင်းပြောဖြစ်သည့် စကားများအနက် ဖေ့စ်ဘွတ်ခ်ပေါ်မှ အကြောင်းအရာ အချို့လည်း ပါဝင်လာခဲ့သည်အထိ ကျယ်ပြန့်လာနေသည်။
‘‘ဖေ့စ်ဘွတ်ခ်မှာ သမီးရှိပါတယ်။ ဒီကနေ သတင်းတွေသိ ချင်တယ်။ အချင်းချင်းလည်း အဆက်အသွယ်ရတယ်။ ကိုယ့်မိတ်ဆွေများရဲ့လှုပ်ရှားမှုတွေကို ပုံနဲ့တကွမြင်ရတယ်။ အဲဒါတွေက သုံးဖြစ်ဖို့ စေ့ဆော်စေပါတယ်။ မိသားစုအတွင်းမှာ စကားပြော ဖြစ်တိုင်း ဖေ့စ်ဘွတ်ခ်က မိတ်ဆွေ တွေရဲ့ အကြောင်းတွေကို ပြောဖြစ်တယ်’’ ဟု ခန္တီးမြို့ အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဦးအောင်ဇင်ဦးကရှင်းပြသည်။
မိမိတို့မိဘများ မျက်စိပွင့် နားပွင့်ဖြစ်စေရန်၊ ဝေးမြေရပ်ခြားမှ မိသားစုဝင်များ၊ မိတ်ဆွေများ နှင့် အလွယ်တကူ ဆက်သွယ်၍ ၎င်းတို့နေထိုင်လှုပ်ရှားမှုအချို့ကို သိရှိနိုင်ရန်၊ သတင်းအချက်အလက်များ မှန်မှန်သိရှိနိုင်ရန် စသည်ဖြင့် ရည်ရွယ်ခဲ့ကြသည်ဟု ဆိုပါသည်။
အိမ်ရှိ မိဘများကို ဖေ့စ်ဘွတ်ခ် သုံးစွဲတတ်စေရန် ကိုယ်တိုင်အကောင့်ဖွင့်ပေး၍ သင်ပြ ပေးခဲ့သော်လည်း ၎င်းတို့ သုံးစွဲသည့်အကောင့်များကိုမူ Friend အဖြစ် လက်မခံထားပါဟု မဇာခြည်ကဆိုပါသည်။
‘‘ကျွန်မကပဲ သူတို့ကိုသုံးဖို့ တိုက်တွန်းတယ်။ သင်ပေးတယ်။ သုံးခိုင်းတယ်။ ဒါပေမဲ့ ကိုယ့်အတွက်တော့ အနေကျဉ်းကျပ်ပါတယ်။ ဒါကြောင့် ဘလော့(block) ထားတယ်’’ဟုသူကပြောသည်။
ပြည်ပတွင် နေထိုင်သည့် ကိုသီဟဇော်မင်းကလည်း ‘‘မိသားစုထဲမှာ အသက်ငါးဆယ်အောက်လူတွေ အားလုံး ဖေ့စ်ဘွတ်ခ်သုံးကြပါတယ်။ ဒါပေမဲ့ မိသားစုတွေရဲ့ အကောင့်တွေက တစ်ယောက်နဲ့တစ်ယောက် အချိတ်အဆက်မရှိဘူး။ သူတို့တွေဖေ့စ်ဘွတ်ခ်ပေါ်ရောက်လာတော့ ကိုယ့်သုံးစွဲမှုအပေါ် အနေကျဉ်းကျပ်မှု နည်းနည်းရှိပါတယ်။ အဲဒီလိုမဖြစ်စေချင်လို့ ဘလော့ထားလိုက်တယ်’’ဟုဆိုသည်။
ဆယ်ကျော်သက်အရွယ် ယောက်ျားလေးတစ်ဦးက ၎င်း၏ သူငယ်ချင်းများနှင့်အတူ ဘီယာဆိုင်မှာသောက်စားနေသည့် ဓာတ်ပုံများနှင့် ကေတီဗီမှာ သီချင်းဆိုပျော်ပါးနေသည့်ပုံများကို ဖော်ပြခဲ့သည်။ အဆိုပါ ဓာတ်ပုံများအောက်တွင် မှတ်ချက်ပေးသူများထဲ၌ ၎င်းကို အိမ်အမြန်ဆုံးပြန်လာရန်၊ ညဥ့်မနက်ရန် စသဖြင့်ရေးသားလာသည့် မိဘများ၏ အကောင့်ကို  မြင်တွေ့လိုက်ရပါသည်။
ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦးက ၎င်း၏ မလုံ့တလုံရိုက်ကူးထားသည့် ခပ်လန်းလန်း ဓာတ်ပုံတစ်ပုံကို သူ့အကောင့်မှာ ဖော်ပြလိုက်ပါသည်။ အားပေးသူ၊ ဝေဖန်သူများ၏ မှတ်ချက်မျိုးစုံကိုရရှိပြီး ရက်ပိုင်းအတွင်း နာမည်ကြီးသွားသော်လည်း အဆိုပါဓာတ်ပုံကို မြင်တွေ့ကြည့်ရှုမိသူများထဲမှာ ထိုမိန်းကလေး၏ဖခင်ဖြစ်သူလည်း ပါဝင်ခဲ့ပါသည်။
မိမိဖခင်ဖြစ်သူ ဖေ့စ်ဘွတ်ခ်သုံးစွဲနေခြင်းကို မသိရှိသည့် အတွက် ထိုဓာတ်ပုံကိစ္စက ၎င်းနှင့်ဖခင်တို့အကြားတွင် ပြဿနာတစ်ရပ်ဖြစ်စေခဲ့ပါသည်။
မိသားစုဝင်တိုင်းတွင် တစ် ဦးချင်းအလိုက် မိဘ ညီအစ်ကို မောင်ဖွားများအား လျှို့ဝှက်ထားချင်သည့်အကြောင်းအရာများရှိပါသည်။ မိမိနေအိမ်အတွင်း လျှို့ဝှက်ထားနိုင်သည့် ကိုယ်ပိုင်လွတ်လပ်ခွင့်အသေးအငယ်လေးများမှာ ဖေ့စ်ဘွတ်ခ်ပေါ် ဆက်နွှယ်နေကြချိန်တွင်မူ လျှို့ဝှက်၍ မရနိုင်တော့ပေ။ သင်ကော ဘလော့လုပ်ပြီး ဖုံးကွယ်ထားသလား၊ (ဒါမှမဟုတ်)ဖေ့စ်ဘွတ်ခ်တွင် မိသားစုနှင့်ဆက်နွှယ်နေခြင်း က ပြဿနာမရှိဟု ယူဆပါသလား . . . ။

7 Day Eleven 
 
အဆင်ပြေပါစေ
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment

0 comments:

Post a Comment