နှလုံးသွေးကြော မကျဉ်းပါစေနဲ့ (၁)


နှလုံးသွေးကြော မကျဉ်းပါစေနဲ့ (၁)
---------------------------------
“နှလုံးသွေးကြော မကျဉ်းပါစေနဲ့” လို့ပြောရင် “ဘယ်သူက ကျဉ်းချင်မှာလည်း” လို့ ပြောကြမှာပေါ့။
မှန်ပါတယ် ဘယ်သူမှ ကိုယ့်ကျန်းမာရေးကို ထိခိုက်စေချင်မှာလည်း။ ဒါပေမယ့် တကယ်ရော နှလုံးသွေးကြောမကျဉ်းအောင် နေထိုင် ဆင်ခြင်ကြရဲ့လား ဆိုရင်တော့ လူအတော်များများက မေ့လျော့နေကြပါတယ်လို့ ပြောရမှာပါပဲ။
ဒီနေရာမှာ နှလုံးသွေးကြောမကျဉ်းအောင် ဆင်ခြင်ဖို့ အသိတွေရှိလားဆိုရင်တော့ လူတော်တော်များများမှာ ကျန်းမာရေး ဗဟုသုတတွေ ရှိကြပါတယ်။ ဆေးလိပ်သောက်ရင်၊ သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရောဂါရှိရင်၊ အ၀လွန်ရင်၊ ကိုယ်လက် လှုပ်ရှားတာ နည်းရင် စသဖြင့် အချက်တွေဟာ နှလုံးနဲ့ သွေးကြောရောဂါတွေကို ရနိုင်ကြောင်း ကျန်းမာရေး ဗဟုသုတ အတော်အသင့် ရှိသူတွေတောင်မှ သိကြပါတယ်။
လူအများက စားဝတ်နေရေးတွေ၊ လူမှုရေးတွေနဲ့ နေ့စဉ် ရုန်းကန်နေရတော့ မိမိကိုယ်ကို ဂရုစိုက်ဖို့က မေ့နေတတ်ကြပါတယ်။ မိမိနဲ့ သက်တူရွယ်တူတွေ ရောဂါရတဲ့အခါ မြန်မာလူမျိုးများဟာ သူတပါးကို သနားတတ်ကြပေမယ့်လို့ ကိုယ့်ကိုယ်ကိုတော့ ရောဂါဖြစ်နိုင်တယ်ဆိုတာ မေ့လျော့နေတတ်ကြလေ့ ရှိပါတယ်။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုထိရောက်သည် ဆိုတဲ့ စကားကို လူအများကြာဖူးနားဝ ရှိပေမဲ့ လူအများဖြစ်တတ်တဲ့ရောဂါ ကိုယ့်ဆီမလာလောက်ဘူးလို့ မျှော်လင့်တတ်ကြပါတယ်။ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ကူးစက်ရောဂါ၊ ထိခိုက်ဒဏ်ရာ တွေနဲ့ မသေရင် အများစုံး သေနိုင်တဲ့ရောဂါကတော့ နှလုံးနဲ့သွေးကြောရောဂါများကြောင့်ပါပဲ။
အသက်ကလေး ရလာပြီဆိုရင် လူတိုင်းလိုလို ကိုယ်ခန္တာက တစ်မျိုးမဟုတ်တစ်မျိုး ချွတ်ယွင်းလာတတ်ပါတယ်။ အသက်နဲ့အတူ ကိုယ်ခန္တာ ဇီဝကမ္မပြောင်းလည်းမှုတွေလည်း နှေးလာတာမို့လို့ အဆီတွေများပြီး အ၀လွန်လာလေ့ ရှိပါတယ်။ အစား လျှော့စားတာပဲ ဘာလို့ ၀လာမှန်းမသိဘူးဆိုပြီး ပြောကြလေ့ ရှိပါတယ်။ အစားအစာဟာ လူတစ်ယောက်အတွက် မရှိမဖြစ် လိုအပ်သလိုပဲ ပိုလျှံနေရင်တော့ ဘေးဖြစ်စေတတ်ပါတယ်။ “စွမ်းအင်တွေဟာ ဘယ်တော့မှ ပျောက်ပျက်သွားတာ မရှိဘူး”ဆိုတဲ့ နျုတန်ရဲ့ နိယာမ တရားလိုပဲ လူတစ်ယောက် စားလိုက်တဲ့ အစားရဲ့ အင်နာဂျီတွေဟာ ဘယ်မှ ပျောက်ပျက်မသွားပါဘူး၊ ကိုယ်ခန္တာက လိုအပ်တဲ့ ကယ်လိုရီတွေကို သုံးပြီးရင် ပိုလျှံတာတွေကို စုဗူးတစ်လုံးလို အဆီတွေကို စုပါတယ်။ နေ့စဉ် နည်းနည်း စုလာရင် နှစ်နဲ့ချီတော့ ခင်သန္တာသက်ချိုပြုံးတွေ ဖြစ်သွားနိုင်ပါတယ်။ တစ်နေတစ်နေ့ကို အပေါင်းလက္ခဏာပြတာတွေ စုလာရင် တစ်လကို တစ်ပေါင်ပဲတက်ဦး တစ်နှစ်ကိုဆိုရင် ၁၂ ပေါင်တက်နေပါပြီ။ ကိုယ်လက်လှုပ်ရှားမှုနည်းရင် ကယ်လိုရီတွေသုံးတာ နည်းတာ ထုံးစံပါပဲ။ ဖေ့စ်ဘုတ်၊ တယ်လီဗွီးရှင်းတွေကြောင့်လည်း ခေတ်ပေါ်လူသားတွေ စက်ဖန်သားပြင်မှာ ကော်နဲ့ကပ်ခံထားရတာ တကမ္ဘာလုံးပါပဲ။ဝတာကိုလျှော့ချင်ရင်တော့ လုပ်ရမယ့် အချက်တွေကတော့ လူတိုင်းသိပြီးသား အချက်တွေပါ။ နံပါတ်တစ်က လျှော့စားရမယ်။ နံပါတ် ၂ ကတော့ ကိုယ်လက်လှုပ်ရှား များများလုပ်ရပါမယ်။
ကိုယ်အလေးချိန်မတက်အောင် ဘယ်လိုလျှော့စားမယ်လည်း ဆိုတာကတော့ လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့ နက်ပါတယ်။ ရှင်းရှင်းလေးပြောရရင်တော့ ကယ်လိုရီများတဲ့ အစားအစာတွေကို အဓိက လျှော့စားပေါ့။ နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ ကယ်လိုရီအများဆုံး ၂ ခုကတော့ အကြမ်းအားဖြင့်ဆိုရင် “အချိုနဲ့ ဆီ” တွေပါပဲ။ အချိုစားရင် အဆီ တက်တတ်တယ်ဆိုတာကို မသိကြသူတွေ ရှိကောင်း ရှိနိုင်ပါတယ်။ “တို့ကတော့ အရသာပေါ့ရင် မစားတတ်ပေါင်” ဆိုသူတွေအနေနဲ့ကတော့ အချိုစားတဲ့ပမာဏကို လျှော့ပေါ့စားပါ။ ၂ လုပ်စာ စားမယ့်အစား တစ်လုပ်၊ ၂ ဇွန်းစားမယ့်အစား တစ်ဇွန်းပဲ စားကြပေါ့။ တစ်ရက် နှစ်ရက်နဲ့ ဘာမှ ထူးသလို မထင်ရပေမယ့် နှစ်နဲ့ချီလာရင် ထူးပါတယ်။ တစ်နေ့ကို ဆီတစ်ဇွန်း၊ သကြားတစ်ဇွန်းစာဖြစ်ဖြစ်၊ အစားတစ်လုပ်လောက်ပဲ ဖြစ်ဖြစ် လျှော့ကြည့်ပါလား ၆ လ တစ်နှစ်လောက်နေရင်တောင်မှ သိသာလာပါလိမ့်မယ်။
ကမ္ဘာ့ အသက်ရှည်လူများကို စစ်တမ်းလုပ်ပြီး သူတေသနလုပ်တဲ့အခါ အသက်ရှည်ကြတဲ့ ဂျပန်နိုင်ငံမြို့တစ်မြို့က လူတွေအကြောင်းဟာ စိတ်ဝင်စားစရာပါ။ သူတို့ရဲ့ အရေးကြီးတဲ့ ဓလေ့တစ်ခုကတော့ အစားစားရင် ဘယ်တော့မှ ဗိုက်ပြည့်အောင် မစားကြဘူးတဲ့။ အစားစားတဲ့အခါ လူတိုင်ကိုယ်တိုင် ဗိုက်ပြည့်တော့မယ်ဆိုရင် အများစုက သိကြပါတယ်။ ဇူဇကာပုဏ္ဏားကို စာသမျှဝင်နေရင်တော့လည်း မပြောတတ်တော့ဘူးပေါ့။ အစာစားရာမှာ လုံးဝပြည့်အင့်တဲ့အထိ စားသောက်ခြင်းကို ရှောင်ရင်တော့ သိသိသာသာ ထိရောက်ပါလိမ့်မယ်။ လက်တစ်လုံးစာလောက် ချန်ရင်ကိုပဲ နှစ်နဲ့ချီရင် အများကြီး ထိရောက်ပါတယ်။
နောက်တစ်ချက် အရေးကြီးတာကတော့ ဖြည်းဖြည်းစားခြင်းပါ။ စားတာခြင်းအတူတူ ဖြည်းဖြည်းစားတော့ ဘာထူးသလည်းလို့ မေးစရာရှိနိုင်ပါတယ်။ ဒါဟာလည်း မေးသင့်မေးထိုက်တဲ့ မေးခွန်းပါပဲ။ အစားစားတဲ့အခါ အစာအိမ်ကနေတစ်ဆင့် အူသိမ်ထဲကို အစာတွေရောက်ပါတယ်။ အစာအိမ်ဟာ အစားခြေရုံကလွဲလို့ အစားအစာတွေကို စုတ်ယူခြင်း မလုပ်နိုင်ပါဘူး အူသိမ်ထဲရောက်မှ အစားအစာတွေကို စုပ်ယူတာပါ။ အစားထဲက သကြားဓာတ်နဲ့ တဖြားဓာတ်တွေတက်လာမှ ဦးဏှောက်က ဗိုက်ပြည့်တဲ့ အသိကိုရပါတယ်။ အစားက အစာအိမ်ကိုရောက်တဲ့အချိန်နဲ့ သွေးထဲမှာ အစာရောက်တဲ့အချိန်က ခြားပါတယ်။ မြန်မြန်စားတဲ့အခါ အစာအိမ်ကပြည့်နေပေမယ့်လို့ ဦးဏှောက်က မသိသေးဘူး။ အဲဒီတော့ ဆက်ပြီးစားနေမိတာပေါ့။ ဖြည်းဖြည်းစားတဲ့အခါ အဲဒီလို ဖြစ်စဉ်က နည်းသွားတာပေါ့။ တခါတလေ မြန်မြန်စားတာ ပြသနာ မဟုတ်ပေမယ့် နေ့စဉ်နဲ့အမျှ သုတ်သုတ်သုတ်သုတ် စားရတာဆိုရင်တော့ ကြာရင် ပြသနာ ဖြစ်လာနိုင်ပါတယ်။ တရားမှတ်ပြီး အစားစားတဲ့အခါမှာလည်း အစားနဲ့ ကိုယ်ခန္တာ သဟဇာတဖြစ်ပြီး အကျိုးကို ရနိုင်ပါတယ်။
အချိုရည်တွေထဲမှာ သကြားအများကြီးပါတာ လူတွေ သိချင်သိပါလိမ့်မယ်။ ကိုကာကိုလာအချိုရည်တစ်ဗူးမှာ သကြား ၆ ဇွန်း ၇ဇွန်းလောက် ပါနိုင်တာကို သိသူ နည်းမယ် ထင်ပါတယ်။ တစ်နေ့ကို အချိုရည်တစ်ဗူးသောက်သူဟာ တစ်နှစ်နေရင် သကြား ၁၀ ကီလိုအိတ် တစ်အိတ်လောက် ကိုယ်ထဲကို ရောက်ရှိနိုင်ပါတယ်။ ဘီယာနဲ့ အရက်အမျိုးမျိုးတွေဟာလည်း ကယ်လိုရီများတာမို့လို့ ကိုယ်အလေးချိန်ကို တက်စေပါတယ်။ အရက်က ကိုယ်ခန္တာရဲ့ အဆီစုပ်ခြင်းကိုလည်း အားပေးပါတယ်။ ဘီယာဗိုက် ဆိုတဲ့အတိုင်း ဘီယာသောက်သူတွေ ဗိုက်ကလေးတွေ စူထွက်နေကြတာ အံ့သြစရာ မရှိလှပါဘူး။
“အစာလည်းဆေး ဆေးလည်းအစာ” ဆိုပေမယ့် “တန်ဆေး လွန်ဘေး”မို့လို့ အစားဆိုတဲ့ မိတ်တွေကို ကြည့်ပြီး မျှမျှတတပေါင်းသင်းသင့်တယ်လို့ ဆိုချင်ပါတယ်။
“အစားဘေးရှောင်လို့ မလောင်ခင် တားနိုင်ကြပြီး နှလုံးသွေးကြောကျဉ်းခြင်းကို ကာကွယ်နိုင်ကြပါစေ”ဟု ဆုတောင်းလိုက်ပါတယ်။
Myanmar Heart Foundation
Photo;cathy.com

Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment

0 comments:

Post a Comment